ရှေးဟောင်းအဆောက်အဦအမှတ် စလ-၀၈၈
- တည်နေရာ-ဉယျာဉ်ကျေးရွာ၊ စလေမြို့

ရှင်ပင်စာကြိုဘုရားသည် စလေမြို့၏တောင်ဘက် ၄မိုင်(၁)ဖာလုံခန့်အကွာ ဉယျာဉ်ကျေးရွာတွင်တည်ရှိသည်။မြန်မာသက္ကရာဇ် (၅၅၄)၊ အေဒီ ၁၁၉၂ ခုနှစ် ပုဂံပြည့်ရှင်မင်းကြီး နရပတိစည်သူမင်းကြီး တည်ထားခဲ့သော ဘုရားလှငါးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည်။ သထုံမှပင့်ဆောင်လာသောပိဋကတ်တော်များကို ကြိုဆိုရာဌာနဖြစ်သော သီရီဇေယျကုန်းတော်၌တည်ထားခြင်းလည်းဖြစ်သည်။နရပတိစည်သူမင်း၏မင်းဆရာတော် ပံ့သကူမဟာထေရ်၏ မိန့်ကြားချက်အရ စာကြိုဘုရားလှ၊ မြေဘုံသာဘုရားလှ၊ ကန်စွန်းအိုဘုရားလှ၊ သိကြားတောင်ဘုရားလှနှင့်ချောက်ဘုရားလှတို့ကိုတည် ထားခဲ့သည်ဟုသိရသည်။ ရှင်ပင်စာကြိုဘုရားပရဝုဏ်ထဲတွင် သားတော်ငါးပါးဘုရားများ၊ မိဖုရားနှစ်ပါးဘုရားများနှင့်ပရိဝုဏ်ပြင်ပတွင် ရှင်ပင်သိကြားကျဘုရား၊ ရှင်ပင်စက်တော်ရာဘုရား၊ သိကြားကွယ်ဘုရား စသည်ဖြင့် တစ်စုတစ်ဝေးတည်းလေ့လာနိုင်သည်။ ဘုရားကြီးနှင့်တစ်ဆက် တစ်စပ်တည်းလေ့လာနိုင်သောနေရာများမှာ သားတော်ငါးပါးဘုရားများအတွင်းမှ နံရံဆေးရေးပန်းချီများ၊ ဘုရားကြီး၏အရှေ့ဘက်အဝင်အာရုံခံတန်စောင်းရှိ ရတနာပုံခေတ် နံရံဆေးရေးပန်းချီများနှင့်ပန်းတမော့ရုပ်လုံးများ၊ ဘုရားပတ်ပတ်လည်ရှိ ဘုန်းတော်ကြီးကျောင်း(၁၆)ကျောင်း၊ဇရပ်(၈၀)ခန့်၊ဘုရားလှိုဏ်အတွင်းရှိ မြန်မာနိုင်ငံတွင် အကြီးဆုံးသော သစ်တစ်လုံးထွင်းဆွမ်းအုပ်နှင့်အတူ ရင်ပြင်ရှိ ခေါင်းလောင်းများ၊အခန်းတွဲပေါင်း ၁၀၄ခန်းရှိသော ဘုရားကြီး၏အနောက်ဘက် စောင်းတန်းကြီးကိုလည်းလေ့လာနိုင်ပါသည်။နှစ်စဉ် ဝါဆိုလပြည့်နှင့် သီတင်းကျွတ်လပြည့်နေ့များတွင် ဘုရားပွဲတော်ကျင်းပပြုလုပ်လေ့ရှိပြီး စလေဒေသတွင် အစည်းကားဆုံးသော ဘုရားပွဲတော်ဖြစ်သည်ဟုလည်းသိရသည်။
ဗိသုကာလက်ရာ
အာရုံခံအရှေ့ဘက်လှည့် ကွမ်းတောင်ရိုးရိုးစေတီပေါက်ဂူဘုရားဖြစ်သည်။ မြန်မာပုံလှိုဏ်ရှည်ဂူဘုရားဖြစ်သည်။ အာရုံခံ၏ဝဲ / ယာ၌ အဝင်မုခ်တစ်မုခ်စီပါရှိသည်။ ဂနွ္ဓကုဋီတိုက်မအတွင်း၌ လှိုဏ်ပတ်လမ်းပါရှိသည်။ အာရုံခံ၏မြောက်ဘက်နံရံ၌ အထက်ပိုင်းသို့တက်နိုင်သော ကြောင်လိမ်လှေကားပါရှိသည်။ အာရုံခံ၏တောင်ဘက်နံရံ၌ အောက်သို့ဆင်းနိုင်သော ကြောင်လိမ်လှေကားပါရှိသည်။ အုတ်ရိုးတက်၍ ပိတ်ထားသဖြင့်အသေးစိတ်မသိရှိရပါ။ အာရုံခံလှိုဏ်အတွင်း၌ အမြင့်(၆)ပေရှိသော ပုဂံခေတ်ပန်းပုလက်ရာဗောဓိသတ္တရုပ်(၂)ရုပ်ရှိသည်။
- ရှင်ပင်စာကြိုဘုရားကြီးနှင့် ပရိဝုဏ်အတွင်းရှိသားတော်ငါးပါး၊ မိဖုရားနှစ်ပါးဘုရားများ

ရှင်ပင်စာကြိုဘုရား

ရှင်ပင်စာကြိုဘုရားပေါ်မှမြင်ကွင်း

ရှင်ပင်စာကြိုကြီး(ဇေယျသူဘုရား)

ရာဇသူဘုရား

ကင်္ကသူဘုရား

ပျံချီဘုရား

ဇေယျသင်္ခဘုရား

ဝေဠုဝတီဘုရား

ကြာဠုဝတီဘုရား